မြန်မာနိုင်ငံ လွတ်မြောက်ရေးတကြော့ပြန် တိုက်ပွဲဝင်သူ
စစ်အာဏာရှင်စနစ်ကို ၁၉၇၄ ခုနှစ်မှစတင် ဆန့်ကျင်လာခဲ့သည့် ထွန်းအောင်ကျော်သည် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတွင် ဦးဆောင်သူတဦး အနေနှင့်ပါဝင်ခဲ့ပြီး ချင်းကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး နှင့်အတူ ဦးသန့်အရေးအခင်းကို စစ်တပ်မှ အကြမ်းဖက် ဖြိုခွဲခံရပြီးနောက် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တိုက်ပွဲဝင်မှ အနိုင်ရနိုင်မည်ဟု ယုံကြည်ခဲ့ကြပြီး တောတွင်းနှင့် ဆက်သွယ် လုပ်ဆောင်ခဲ့ကြသည်။
၁၉၇၅ ဂျွန်အရေးအခင်းကို ဆလိုင်းတင်မောင်ဦးနှင့် ထပ်မံဦးဆောင် လှုပ်ရှားခဲ့ပြီး ထွန်းအောင်ကျော်ကို စစ်ထောက်လှန်းရေးမှ ဖမ်းဆီးပြီး ထောင်တသက်တကျွန်း ချခံခဲ့ရသည်။
ဆလိုင်းတင်မောင်ဦးမှာလွတ်မြောက်သွားပြီး ၁၉၇၆ မှိုင်းအရေးအခင်း မစခင် တရက်အလိုတွင် မှိုင်းအရေးအခင်းလှုံဆော်ရန် စာရွက်စာတမ်းများနှင့် ဖမ်းခံရပြီး အာဏာရှင်ဗိုလ်နေဝင်းမှ ကျောင်းသားခေါင်းဆောင် ဆလိုင်တင်မောင်ဦးကို ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် တိတ်တဆိတ် ကြိုးပေးသတ်ခဲ့သည်။
ထွန်းအောင်ကျော်သည် ၁၉၈၀ခုနှစ် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အချိန်တွင် လွတ်မြောက်လာခဲ့သည်။ ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီးတွင် လှိုင်မြို့နယ်တွင် လွတ်လပ်ရေး တိုက်ပွဲဝင်သူများအဖွဲ့ (Freedom Fighters of Burma) ကို ဦးဆောင် ပါဝင်ခဲ့ပြီး စစ်တပ်မှ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက်သတ်ဖြတ် အာဏာသိမ်းသည့်အခါ တက်ကြွသည့် ကျောင်းသားများနှင့်အတူ တောခို သွားခဲ့သည်။
၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကေအင်ယူနယ်မြေ ဝမ်ခစခန်းတွင် ပြုလုပ်ခဲ့သည့် ကျောင်းသားညီလာခံကြီးမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး All Burma Students’ Democratic Front (ABSDF) ကို တညီတညွတ်တည်း ဖွဲ့စည်းခဲ့ပြီး ထွန်းအောင်ကျော်ကို မဲအများစုဖြင့် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်နေစဉ် တပ်ရင်းတပ်ဖွဲ့များကို စနစ်တကျ ဖြစ်လာစေရန် ဖွဲ့စည်းပေးခဲ့ပြီး အဖွဲ့အစည်း၏ အခြေခံဥပဒေကို ကျွမ်းကျင်သူများနှင့် ပူးပေါင်း ရေးဆွဲခဲ့သည်။ တိုင်းရင်းသားများ တောင်းဆိုနေသော ဖက်ဒရယ် ပြည်ထောင်စုကို ပထမဆုံး ABSDF အဖွဲ့ ကြီးက အတည်ပြုလက်ခံခဲ့သည်။
ဝမ်ခစခန်းကိုစစ်တပ်မှ ၁၉၈၉ ခုနှစ်တွင် ထိုးစစ်ဆင်လာသည့်အခါတွင် ရဲဘော်များနှင့်အတူ မဟာမိတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်။ အဖွဲ့အစည်းအတွင်း ညီညွတ်မှုမရှိသည့်အတွက် တနှစ်မျှ တာဝန် ထမ်းဆောင်ပြီး ဥက္ကဋ္ဌအဖြစ်မှ နှုတ်ထွက်ခဲ့သည်။
ထို့နောက် အောက်ခြေတပ်သားအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့ပြီး “ဒီမိုကရေစီကျေးရွာ”ကို တည်ဆောက်ပြီးစီးသွားသည့်အခါ စားနပ်ရိက္ခာ သွားရောက် ပို့ဆောင်စဉ် နတ်အိမ်ထောင်၌ ထိုင်းအစိုးရ နယ်ခြားစောင့်တပ်မှ သတင်းအတိအကျနှင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။
ထိုင်းထုံပါပုံ အချုပ်ထဲတွင် ရှိနေစဉ် အတူလိုက်ပါခဲ့သည့် iNGO မှ မိတ်ဆွေများက အမေရိကန်သံရုံးသို့ အကူအညီတောင်းသဖြင့် သံရုံး၏ အကူအညီဖြင့် ၁၀ ရက်အကြာတွင် လွတ်မြောက်ခဲ့သည်။ ထို့နောက် အမေရိကန်သံရုံးမှ ခေါ်ယူတွေ့ဆုံခဲ့ပြီး နောက်တခါ ထပ်မံဖမ်းဆီးခံရပါက မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ခံရနိုင်သည့် အန္တရာယ်ရှိသဖြင့် အမေရိကန်တွင် အခြေချနေထိုင်ဖို့ ကမ်းလှမ်းခဲ့သည်။ ယင်းကမ်းလှမ်းချက်ကို လက်ခံခဲ့ကာ အမေရိကန်နိုင်ငံသို့ ၁၉၉၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ထွက်ခွာသွားခဲ့ ပြီးနောက် ပညာသင်ဆု ရရှိခဲ့ပြီး အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အီသီကာမြို့ရှိ ကော်နဲတက္ကသိုလ်တွင် မဟာဝိဇ္ဇာတန်းသို့ တက်ရောက်ခဲ့ပြီး အရှေ့တိုင်း လေ့လာရေး ဘာသာရပ်ဖြင့် ၁၉၉၇ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။
မြန်မာစစ်ဦးစီးချုပ်ဖြစ်သူ မင်းအောင်လှိုင်က နိုင်ငံသစ္စာဖောက်ဖျက်ခဲ့ပြီး သူအသက်ပေးကာကွယ်ပါမည်ဟု တွင်တွင် ပြောဆိုနေခဲ့သော စစ်တပ်ကို ဦးစားပေးရေးဆွဲထားသည့် ၂၀၀၈ခုနှစ်ဥပဒေကိုလည်း ဖောက်ဖျက်ကာ စစ်အာဏာသိမ်းမှုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ပြုလုပ် ခဲ့သည့်အတွက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများကိုကူညီရန်နှင့် လက်နက်ကိုင် တိုက်ပွဲကို အောင်မြင်လာစေရန် ပြည်သူ့လှုပ်ရှားမှုများတွင် အားသွန်ခွန်စိုက် တကြော့ပြန် ပါဝင်လာခဲ့ပြန်သည်။
